လက်သည်းကပြောတဲ့ သတင်းစကား
အခုခေတ်ကာလမှာ မျက်နှာလှဖို့သာမက ဆံပင်၊ အသားအရေ၊ ခန္ဓာကိုယ် နဲ့ လက်သည်းခြေသည်းလေးတွေပါမကျန် ခေါင်းအစခြေအဆုံး လှပဖို့ ဂရုစိုက်နေကြပါပြီ။ ဒီလို ဂရုစိုက်တဲ့အခါမှာ လှပဖို့သာမက ကျန်းမာဖို့လည်း သတိပြုရမှာ ဖြစ်ပါတယ်။
ဒီတစ်ခါ လက်သည်းလေးတွေကို ကြည့်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ဘယ်လိုသိနိုင်မလဲ ဆိုတာ ပြောပြမှာမို့ အဆုံးထိ ကြည့်လိုက်ရအောင်နော်။
1. ကျိုးလွယ်ပဲ့လွယ်တဲ့ လက်သည်းလေးတွေ...
လက်သည်းလေးတွေ အလွယ်တကူ ကျိုးပဲ့ရတဲ့ အကြောင်းရင်းကတော့ ဆပ်ပြာတွေ၊ ရေတွေနဲ့ လက်ကိုခဏခဏဆေးရလွန်းတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပန်းကန်တွေ ခဏခဏဆေးရမယ်၊ အများကြီး ဆေးရမယ်ဆို လက်အိတ်ဝတ်သင့်ပါတယ်။ လက်သည်းကျိုးလွယ်ရတဲ့ နောက်ထပ်အကြောင်းကတော့ hypothyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့ရောဂါ နဲ့ သံဓာတ်အားနည်းတဲ့ရောဂါမျိုးပါ။
2. ပျော့ပြီးအားနည်းနေတဲ့ လက်သည်းလေးတွေ....
ဗိုက်တာမင် ဘီ၊ ကယ်လဆီယမ်၊ သံဓာတ်နဲ့ fatty acid တွေ ချို့တဲ့တဲ့အခါ လက်သည်းလေးတွေ ပျော့ပြီး အားနည်းနေတတ်ပါတယ်။ Multivitamin နဲ့ ကယ်လဆီယမ်ပါတဲ့ အားဆေးတွေ သောက်ပြီး ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်။
နောက်တစ်ခုကတော့ လက်သည်းဖျက်ဆေးတွေ အလွန်အကျွံသုံးတဲ့အခါ၊ တချို့ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါမျိုးမှာလည်း လက်သည်းလေးတွေ ပျော့တတ်ပါသေးတယ်။
3. လက်သည်းပေါ်က အဖြူစက်လေးတွေ...
လက်သည်းကို ထိခိုက်မိတာ၊ မှိုစွဲတာ၊ ဓာတ်မတည့်တာတွေကြောင့် ဖြစ်တတ်တာမို့ လက်သည်းဆိုးဆေးနဲ့ ဖျက်ဆေးသုံးတာတွေကို ရပ်ပြီး စောင့်ကြည့်သင့်ပါတယ်။ ထပ်ထွက်လာတဲ့ လက်သည်းမှာပါ အဖြူစက်တွေ တွေ့ရရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင်လည်း လက်သည်းအဖြူစက်ပေါ်တတ်တာမို့ ဇင့်ဓာတ်ပါတဲ့ အစားအစာတွေ၊ အားဆေးတွေ သောက်ဖို့လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။
4. ဝါနေတဲ့ လက်သည်းလေးတွေ....
လက်သည်းဝါနေရင်တော့ အဖြစ်များတာက ပိုးဝင်လို့လည်း ဖြစ်နိုင်သလို ကိုယ်သုံးထားတဲ့ လက်သည်းဆိုးဆေးအရောင်တွေ ကျန်နေတာ၊ နနွင်းလို အဝါရောင်တွေ ကိုင်မိတာကလည်း ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ၊ Psoriasis လို့ခေါ်တဲ့ အရေပြားရောဂါနဲ့ သိုင်းရွိုက်ဂလင်းနဲ့ ဆိုင်တဲ့ရောဂါတွေမှာလည်း လက်သည်းဝါတတ်တာမို့ မပေါ့ဆသင့်ပါဘူးနော်။
5. အပြာရောင် လက်သည်းလေးတွေ...
အပြာရောင်ကလည်း ဆိုးဆေးတွေကြောင့် ဖြစ်နိုင်တာပါပဲ။ နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ နှလုံးရောဂါ၊ အဆုတ်ရောဂါတွေကြောင့် အောက်ဆီဂျင် မလုံလောက်တော့တဲ့အခါ လက်သည်းတွေ၊နှုတ်ခမ်းတွေ ပြာလာတတ်တာကြောင့် သွေးတွင်းအောက်ဆီဂျင်ကလည်း ၉၂% အောက်ကျနေမယ်၊ မောလည်းမောနေမယ်ဆို ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားသင့်ပါတယ်။
6. လက်သည်းပေါ်က အမဲရောင်လိုင်းတွေ...
လက်သည်းပေါ်က အမဲရောင် ဒါမှမဟုတ် အညိုရောင်၊ အနီရင့်ရောင်လို အစင်းတွေက ထိခိုက်မိတာကြောင့် သွေးခြေဥသလို ဒဏ်ရာရတာ ဖြစ်နိုင်ပါတယ်။ လက်သည်းရှည်လာတဲ့ အချိန်ထိ အမဲရောင်လိုင်းတွေ ရှိနေသေးရင်တော့ Psoriasis အရေပြားရောဂါ နဲ့ ကင်ဆာတို့လို စိုးရိမ်စရာတွေလည်း ဖြစ်နိုင်တာမို့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
7. လက်သည်းပေါ်က အစင်းကြောင်းတွေ...
လက်သည်းပေါ်မှာ ခပ်မာမာ ဒေါင်လိုက်နဲ့ အလျားလိုက် အစင်းကြောင်းတွေ တွေ့ဖူးကြမှာပါ။ ဒေါင်လိုက်အစင်းတွေက အသက်အရွယ် ကြီးရင့်လာရင် ဖြစ်တတ်တာမို့ စိတ်ပူစရာမလိုပေမယ့် အလျားလိုက်အစင်းကြောင်းတွေကတော့ ကျောက်ကပ်နဲ့ တခြားရောဂါအခံရှိသူတွေမှာ ဖြစ်တတ်တာမို့ အလျားလိုက်အစင်းတွေရှိနေရင် ဆေးစစ်ကြည့်ဖို့ မမေ့ရဘူးနော်။
8. အပေါ်ယံအလွှာ ကွာတဲ့လက်သည်းလေးတွေ...
လက်သည်းကို အားစိုက်သုံးရတဲ့အခါမျိုးမှာ အပေါ်ယံအလွှာလေးတွေ ကွာတတ်သလို သံဓာတ်ချို့ရင်လည်း ကွာတတ်ပါတယ်။
9. လက်သည်းအောက်ခြေက လခြမ်းပုံမရှိရင်...
လက်သည်းလေးတွေရဲ့ အောက်ခြေမှာ အဖြူရောင် လခြမ်းပုံလေး ရှိတတ်ပါတယ်။ သူက သွေးကြောတွေ၊ အာရုံကြောတွေ၊ ပြန်ရည်ဂလင်းတွေ ရှိတဲ့နေရာမို့ပါ။ လခြမ်းပုံလေး ပျောက်နေရင် လက်သည်းအောက်ထဲ ရောက်နေတာမို့ စိုးရိမ်စရာမလိုတာမျိုး ဖြစ်နိုင်သလို သွေးအားနည်းတာ၊ အာဟာရချို့တဲ့တာမျိုးလည်း ဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်။
အခု လက်သည်းလေးတွေက ပြောတတ်တဲ့ သတင်းစကားကို သိပြီမို့ ကိုယ့်လက်သည်းလေးကို ကြည့်ပြီး စစ်ဆေးလိုက်ကြတော့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်